Tuesday, November 17, 2009

သဘာဝတရား

Tuesday, November 17, 2009
သဘာဝတရား

ညဖြစ်သောကြောင့်မှောင်နေ၏။ အနီးအနားပတ်ဝန်းကျင်တွင် လမ်းဘေးဓါတ်မီးတိုင် လူနေအိမ်ခြေမရှိသောကြောင့် အလွန်မှောင်သောနေရာဟုဆိုနိုင်သည်။ ကြယ်တွေကတော့ ကောင်းကင်ယံမှာအစုလိုက်လင်းလက်စွာ။ အဲဒီကြယ်တွေကြောင့်ပဲပေါ့ ဒီနေရာကိုရောက်လာတာ။

ကြယ်တွေကိုကြည့်ချင်ရင်မှောင်တဲ့နေရာသွားမှမြင်ရမယ် တဲ့ ... လူတွေကပြောကြသည်။ ကြယ်တွေကိုကြည့်ချင်လှသောတစ်သက်တာရူးသွပ်မှုက ထိုစကားကိုကြားပြီးနောက် အမှောင်ကြီးစိုးသောနေရာကိုရှာမိသည်။ လမ်းမတိုင်းပေါ်ဓါတ်မီးတိုင်များအပြည့် အိမ်ခြေသိပ်သည်းသောဒီမြို့၏ကောင်းကင်တွင် ကြယ်တွေကိုမြင်ရဖို့ခဲယဉ်းလှသည်။ ဒါကြောင့်ပဲ ကိုယ့်မြို့နဲ့အဝေး ၅ နာရီစာခရီးနှင်ပြီး ဒီနေရာကိုရောက်လာသည်။

ခုတော့ကြယ်တွေကိုအားပါးတရမြင်ရပြီ။ ကားဘောင်ပေါ်မှာလှဲပြီး ကြယ်တွေပြည့်နေသောကောင်းကင်ကိုမော့ကြည့်ရတဲ့အရသာကို တစ်သက်တာဘာနဲ့မှမလဲနိုင်တော့။ ဒီခရီးလာရကျိုးနပ်ပြီလို့တွေးပြီး ... ပြန်ဖို့ ကားကိုစက်နှိုးတော့ မရ။ ကားကလည်း ကားပိုင်ရှင်နဲ့အတူ ကြယ်တွေကြားမိန်းမူးမိသွားသဟန်။

... တီ ... တီ ... တီ ...

လက်ထဲမှလက်ကိုင်ဖုန်းကိုငုံ့ကြည့်လိုက်မိသည်။ ဘက်ထရီအားဘယ်လောက်ကောင်းကြောင်းပြသည့်အကွက်လေးက မှိတ်တုတ်တုတ်ဖြစ်နေသည်။ ဖုန်းဆက်သွယ်ရေးလိုင်းဘယ်လောက်ကောင်းကြောင်းပြသည့်အကွက်လေးကတော့ အတုံးငါးတုံးအစား တစ်တုံးသာကျန်တော့သည်။

ဒီနေရာမှထွက်သွားသင့်ပြီ။ ဘယ်သူ့ကိုဖုန်းခေါ်ပြီးအကူအညီတောင်းရမလဲစဉ်းစားမိသည်။ ဘက်ထရီကအချိန်မရွေးကုန်သွားနိုင်သောကြောင့် တကယ်လာနိုင်မည့်တစုံတယောက်ကိုခေါ်တာပဲကောင်းမည်။

မိဘတွေကိုခေါ်ရမလား။ မဖြစ်သေးပါ။ သူတို့ကစိတ်တွေပူထူပြီး ကိုယ့်အစားသူတို့ပြဿနာပိုတက်သွားနိုင်သည်။

မမကြီးကိုခေါ်ရမလား။ မနေ့ကတောင်သူကပြောနေသေးသည် ... “မမလည်း အလုပ်တွေများလိုက်တာ” တဲ့။

ကိုကိုကြီးကိုခေါ်ရမလား။ သူနဲ့သေချာမျက်နှာချင်းမဆိုင်မိတာတောင်ကြာပေါ့။ သူကအိမ်တောင်ပြန်အိပ်ရဲ့လားမသိ။

ချစ်သူကိုခေါ်ရမလား။ နေ့လည်ကလှမ်းပြောနေသေးသည် ... “ကားကထိုးရပ်သွားလို့ဝပ်ရှော့ပို့လိုက်ရတယ်၊ ပိုက်ဆံကုန်တာများလှပြီ၊ စိတ်ညစ်ပါတယ်ကွာ” ဆိုလို့ ကိုယ်ကတောင်အားပေးလိုက်ရသည်။ မဖြစ်သေး။ ကိုယ့်ကြောင့် သူ့မှာဒုက္ခပိုများသွားမည်။

ကြယ်ကလေးတွေ မှိတ်တုတ် မှိတ်တုတ် ... ညလေးနက်နက်မှာ ... တကိုယ်တည်းလေအဖော်မပါ ...

ကိုင်ဇာ့သီချင်းစာသားတကြောင်းကိုအမှတ်တမဲ့သတိရရင်း ကောင်းကင်ကကြယ်တွေကိုမော့ကြည့်မိသည်။

... တီ ... တီ ... တီ ...

လက်ကိုင်ဖုန်းကထမြည်ပြန်သည်။ ဘက်ထရီအားပြသည့်အကွက်လေးက ပိုမှိန်လာသည်။ ဖုန်းကိုပါဝါပိတ်လိုက်ပြီး ဘေးချထားလိုက်တော့သည်။ လက်နှစ်ဘက်ကိုဂျာကင်အိတ်ထဲထည့် ... ခေါင်းကိုမော့ပြီး ကြယ်တွေကိုအမြတ်တနိုးကြည့်ရင်း ... ကားဘောင်ကိုမှီ ထိုင်ချလိုက်သည်။

တကယ်တော့ည၏အမှောင်တရားသည် နံနက်ခင်း၏အလင်းအောက်ပျောက်ကွယ်ရစမြဲ။ မကြာမှီမိုးလင်းတော့မည်။

5 comments:

pandora said...

199 ကိုခေါ်ဖို့ ဘာလို့သတိမရသလဲ..

ဟဲ.. နောက်တာပါ.. ခံစားချက်အပြည့်နဲ့ ရေးထားတာလေးကို။

Kay said...

အဆုံးက..ဘယ်ရောက်သွားလဲ..

စာဖတ်သူ စဉ်းစား ဆိုရင်တော့...

၁ - ရဲရောက်လာရင်..မှောင်ရိပ်ခိုမူ ဖြစ်နိုင်တယ်
၂- ကိုယ့်ဖာကိုယ် ကားစက်ကို ကလိ မယ်..( မဖြစ်နိုင်)
၃- ကားတစီး ရောက်လာပြီး..လူတယောက်က..လှမ်းမေးမယ်.. ဘာအကူအညီပေးရမလဲ ခင်ဗျာ..
၎- ဖုန်းပြန်ဖွင့်ပြီး..ချစ်သူကိုပဲ ခေါ်လိုက်တော့မယ်..( အဖြစ်နိုင်ဆုံး)

:D

P.Ti said...

ကျွန်တော်ထင်တာကတော့ အားလုံးပိတ်ပြီး ကြယ်တွေကြည့်ရင်း မိုးလင်းသွားတာ...

မနက်လင်းတော့မှ ချစ်သူက ပျောက်လို့လိုက်ရှာရင်း တွေ့သွားပြီး... စိတ်ပူစွာဖြင့် . . . .

@@@ said...

ကောင်း၏။
အားလုံးကိုယ့်ဘာသာဇာတ်သိမ်းကိုဆွဲရေးထားကြတယ် :)

တကယ်တော့ ကိုယ့်အိုင်ဒီယာကိုပြောပြရရင် ဇာတ်လမ်းကအဆုံးမှာဘာဖြစ်သွားတယ်ဆိုတာထက် အဆုံးကိုဘယ်လိုသွားနေတယ်ဆိုတာကို ပိုစဉ်းစားပြီးရေးထားတာပဲ။ တခါတလေတော့လည်း ဘယ်လမ်းကိုရွေးချယ်လိုက်တယ်ဆိုတာက အဆုံးသတ်ထက်အရေးကြီးနေတယ်။

မမကြီး said...

မမကြီးကိုဖုန်းဆက်ရောပေါ့ကွယ် …. အလုပ်တွေနဲ.နေ့ခင်းမှာ မအားပေမဲ.ညဖက်တော့ taxi ငှါးပြီးလာလို.ရပါတယ်…. ( အင်းးးးးးးးး ချစ်သူကိုခေါ်ပြီး ညအလှကိုအတူ ခံစားမလို.ဟာ မမကြီးကတော.လေ ….. အဲဒါကြောင့် အပျိုကြီးဖြစ်နေတာ )