Friday, February 19, 2010

နေရောင်အောက်မှာသာတဲ့လ

Friday, February 19, 2010
နေရောင်အောက်မှာသာတဲ့လ

သူမနာမည်က သင်းဝတီစိုး။ ကျနော်တို့အလုပ်တွင် နည်းပြသင်တန်းဆရာမတစ်ယောက်။ သူမ၏ဆံပင်ရှည်များကို ကျစ်ဆံမြည်းနှစ်ဘက်ကျစ်ပြီး ပန်းပွင့်တစ်ပွင့်အမြဲပန်ထားတတ်သည်။

ဆံပင်ပုံစံပြောင်းသင့်သည်ဟု တချို့က သူမကိုတိုက်တွန်းတာကြားဖူးသည်။ ရှိရင်းစွဲ အသက်သုံးဆယ့်တစ်နှစ်ထက် ပိုကြီးသယောင်ဖြစ်နေသည်ဟု တချို့က ဝေဖန်သည်။ ဘယ်သူတွေဘယ်လိုပြောပါစေ ကျနော်သူမနှင့်စသိသည့် ငါးနှစ်တာကာလအတွင်း တခါမှသူမဆံပင်ကို သိသိသာသာညှပ်လိုက်တာမတွေ့ခဲ့။ အုန်းဆီလိမ်းပြီး မဟူရာရောင်တောက်နေသော သူမဆံကေသာကို တန်ဖိုးထားပုံရသည်။ ကျနော့်မျက်စိထဲတွင်တော့ ဖြောင့်လိုက်၊ ကောက်လိုက်၊ အရောင်ဆိုးလိုက် ဖြစ်နေသော ကာလာပေါင်းစုံ ၊ ပုံစံပေါင်းစုံအပြင်အဆင်တွေကြား ယဉ်ယဉ်လေးနှင့် သူမအသွင်ကွဲပြားနေတာ အမှန်ပင်။ ထို့ကြောင့် မနက်ခင်း ရုံးသို့ရောက်တိုင်း သူမ၏ဆံကေသာကို မသိမသာတချက် ကျနော်ကြည့်ဖြစ်သည်။

ဟိုက် ... ။

သင်းဝတီစိုးတွင်ဆံပင်ရှည်တို့ မရှိတော့။ နားအောက်ထိသာသာလောက် ညှပ်ပစ်လိုက်သည်။ ဘယ်လိုဖြစ်သွားပါလိမ့်။

သိချင်စောနှင့် ကျနော်ဟန်မဆောင်နိုင်တော့။ သူမစားပွဲသို့လှမ်းသွားပြီး ...

“မသင်းဝတီ .. ဘာလို့ဆံပင်တွေညှပ်ပစ်လိုက်တာလဲဗျာ”

ကျနော့်အမေးကို ပထမတော့သူမအံ့သြသွားပုံရသည်။ ပြီးမှ ပြုံးပြီး ...

“ကျမလည်း ကျမဆံပင်တွေကိုညှပ်ရတာ နှမြောပါတယ်။ ဒါပေမယ့် ဒီလိုလေ .. ကျမထောက်ပံ့နေတဲ့ကျောင်းမှာ ကလေးတွေ ဒီနှစ်ဆောင်းမှာ ပိုအေးတော့ ခြုံစရာစောင်တွေလိုလာတယ်။ အလှူရှင်လည်း ထပ်ရှာမရ။ ဒီလအတွက် ကျမမှာလည်း အကုန်လှူဖို့ လောက်ငတဲ့ငွေပိုမရှိလို့ စိတ်ညစ်နေတုန်း၊ သူငယ်ချင်းတယောက်က ဆံပင်ညှပ်ဆိုင်တဆိုင်က ဆံပင်တွေဝယ်တယ်ဆိုတာကြားလို့ သွားရောင်းလိုက်တာပါ။ တစ်သောင်းကျော်လောက်တော့ရလိုက်တယ်။ ဘာပဲဖြစ်ဖြစ် လိုအပ်တဲ့ပိုက်ဆံအတွက် ကာမိသွားတာ ၀မ်းသာမိတယ်။”

သူမအဖြေကိုကြားတော့ အသက်လေးဆယ်ကျော်စပြုလာသောကြောင့် ထိပ်ပြောင်စပြုနေသော ကျနော့်ခေါင်းကို ယောင်ယမ်းပြီးလက်နဲ့စမ်းလိုက်မိသည်။ နိုင်ငံခြားမှလာသောနည်းပညာနှင့် ပြန်စိုက်ထားရသော ဆံပင်တချို့က ထိုးထိုးထောင်ထောင်ဖြစ်နေတာ ခံစားလိုက်ရသည်။ ဒါ့အပြင် ဆံပင်စိုက်စဉ်က ကျနော့်ဦးခေါင်းအရေပြား ပူလောက်ကျိန်းစပ်ခဲ့ရသလို၊ ကျနော့်ရင်ထဲမှာလည်း သိန်းချီကုန်သွားသော ပိုက်ဆံများအတွက် ... ။

3 comments:

Kay said...

ဘယ့်နှယ်.. နိဒါန်းက..တိုလှချည့်လား..
အဲဒီ သင်းဝတီစိုးက.. အကျီ င်္ ရောင်နဲ့လိုက်ပီး..ပန်းပန်တာ ဆိုပဲ။ မြင်ဖူးချင်လိုက်တာ။း)

P.Ti said...

နာမည်လေးကလှလိုက်တာ...
လူကလည်း လှမယ့်ပုံလေးပဲနော်...
:D

မြန်မြန်ဆက်ပါ... :D

မမကြီး said...

စိတ်ဝင်စားစရာကြီးပါလားနော်..... သင်းဝတီစိုးကသီလရှင်ဝတ်လိုက်လို. ဆံပင်တွေမရှိတော့တာလား ဟင်..... မြန်မြန်ဆက်ရေးပါဗျို. ......