Wednesday, February 17, 2010

ဘာလိုသေးလဲကွယ် (၂)

Wednesday, February 17, 2010
ဘာလိုသေးလဲကွယ် (၂)

“သူသာ ကျနော့်ကို ဆက်ပြီးအဆက်အသွယ်မလုပ်ခဲ့ရင် ကျနော်တို့ခုလို ဖြစ်ချင်မှဖြစ်လာမှာ။ ဒါကြောင့် သူအဲလိုဆက်သွယ်ခဲ့တာအတွက် သူ့ကို သိပ်ကျေးဇူးတင်တယ်”

ချစ်သူနှင့်ရင်းနီးသောသူငယ်ချင်းများက ကျမတို့ဇာတ်လမ်းအစကိုမေးတိုင်း ချစ်သူက ထိုသို့ရှင်းပြတတ်သည်။ ဇာတ်လမ်းတိုင်းသည် အကြောင်းအရာတခုခုနှင့်စတင်တတ်သလို၊ ကျမတို့ဇာတ်လမ်းသည်လည်း ကျမဘ၀၏ပထမဆုံးလုပ်ဖြစ်ခဲ့သောလုပ်ရပ်တခုနှင့် အစပျိုးခဲ့သည်။

ချစ်သူနှင့်စတွေ့ဖြစ်သောနေ့က သူ့ရုံးကို ပထမဆုံးအလည်ရောက်သောနေ့ဖြစ်သည်။ ဂျင်းဘောင်းဘီဝတ်ပြီး ကတီပါဖိနပ်စီးထားသော်လည်း ကျမမျက်ဝန်းထဲ ကိုးလိုးကန့်လန့်ဖြစ်မနေသောယောက်ျားမှာ ချစ်သူသာဖြစ်ခဲ့သည်။ ချစ်သူ့မျက်နှာထက်ရှိ ပျော့ပျောင်းသောရုပ်လက္ခဏာများကို မြင်မြင်ချင်းသတိထားမိခဲ့သည်။ ချစ်သူ့ရုံး၏ အ၀င်ပေါက်တည့်တည့်တွင် သူ၏အလုပ်စားပွဲရှိသည်။ ထို့ကြောင့် ရုံးသို့ဧည့်သည်လာလျှင် ဧည့်ဝန်ကျေပွန်ရန် သူ့တာဝန်ဟု ချစ်သူယူဆသလားမသိ။ ကျမကိုဖော်ရွေပြူငှာစွာ ဆက်ဆံခဲ့သည်။

ပထမဆုံးအကြိမ်ချစ်သူနှင့်ထမင်းစားဖြစ်သောညနေက သူနှင့်ဒုတိယအကြိမ်တွေ့ဖြစ်ခြင်းဖြစ်သည်။ ထမင်းမစားဘဲ ဟင်းသုံးလေးမျိုးကိုမှာယူခါ ဟိုထိဒီထိနှင့် ညစာပြီးခဲ့သောယောက်ျားတယောက်၏စားနည်းကိုမြင်တော့ ကျမအံ့သြမိသည်။

ချစ်သူနှင့်တတိယအကြိမ်တွေ့ရာ အေးအေးဆေးဆေးစကားပြောရင်း ထမင်းအတူစားဖြစ်ခဲ့ကြသည်။ သူငယ်ချင်းများရှိနေသော်လည်း ကျမကချစ်သူနှင့်သာစကားပြောဖြစ်ခဲ့သည်။ ထိုအချိန်အထိ ချစ်သူသည် ကျမအတွက် စိတ်ဝင်စားစရာအနည်းအကျဉ်းပါဝင်သော ယောက်ျားတယောက်သာဖြစ်ခဲ့သည်။ ဒါ့ထက်မပိုခဲ့။ ကျမစိတ်ကိုလှုပ်ခါနိုင်စွမ်းလည်း မရှိခဲ့။

အကယ်၍ ထိုထမင်းစားပွဲကို ကလေးမလေးတယောက် ပန်းလာမရောင်းခဲ့လျှင် ခုလို ချစ်သူနှင့်ကျမတို့ဇာတ်လမ်းဟု ပြန်ပြောပြနေစရာအကြောင်းလည်း ရှိချင်မှရှိလာမည်။

စိတ်ကူးယဉ်တတ်သောကျမသည် ကျမနှလုံးသားကို ဆွဲယူလှုပ်ကိုင်သွားနိုင်မည့်အချစ်ကို မျှော်လင့်ခဲ့ဖူးသည်။ ပန်းလာရောင်းသောကလေးမလေးကို ခေါ်ယူစကားပြောနေခဲ့သောချစ်သူ့မျက်ဝန်းများကတော့ ကျမနှလုံးသားကို ယစ်မူးသွားစေခြင်းမဟုတ်ဘဲ၊ သိမ့်သိမ့်လေးနူးညံ့ခြင်းများနှင့် ရိုတ်ခတ်သွားစေခဲ့သည်။ ယောက်ျားတယောက်၏မျက်ဝန်းများသည် ပထမဆုံးအဖြစ် ကျမစိတ်ထဲ ထင်ဟပ်သွားခဲ့သည်။ ထိုမျက်ဝန်းများကြောင့်လည်း ထိုညအပြီး သူနှင့်ကျမတို့ နိုင်ငံတွေခြားသွားသောအခါ ကျမကသူ့ကိုဆက်သွယ်ဖြစ်ခဲ့သည်။

သူငယ်ချင်းများက ချစ်သူနှင့်ကျမ ဘယ်အချိန်တွင်ချစ်သွားကြသလဲဟု မေးကြသည်။ ထိုမေးခွန်းအတွက် ကျမတွင် အဖြေမရှိချေ။ ချစ်သူကိုမေးကြည့်သောအခါတွင်လည်း ထိုနည်းတူပင်။ ချစ်သူနှင့်ကျမသည် တယောက်ပေါ်တယောက် ကြိုက်နှစ်သက်ခြင်းများနှင့်စတင်ခဲ့သည်ဟု ကျမတို့ယူဆမိသည်။ ပထမဆုံးအကြိမ်ချစ်သူနှင့်ကျမဖုန်းပြောဖြစ်သောညက သုံးနာရီကျော်ကြာခဲ့သည်။ ချစ်သူဖြတ်သန်းခဲ့ရသောဘ၀အတွေ့အကြုံများ၊ ကျမတို့ချစ်သောမွေးရပ်မြေအကြောင်း၊ ကျမတို့၏ အတွေးစိတ်ကူးများ၊ ဘာသာရေးနှင့်ဘ၀အကြောင်း စသည်တို့သာပြောဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ရံဖန်ရံခါဖုန်းပြောဖြစ်ခဲ့သော်လည်း ကျမတို့ပြောသောအကြောင်းများတွင် ရင်ခုန်စရာတို့မပါရှိခဲ့ပေ။ သို့သော် စိတ်ကြည်နူးဖွယ်ရာ၊ အတုယူဖွယ်ရာ၊ တယောက်အပေါ်တယောက် ဖေးမအားပေးမှုများနှင့် ပြည့်လျှံနေသည်ဟု ကျမတို့ခံစားရသည်။ အချစ်ဆိုသောအကြောင်းအရာကို ယေဘူရဆန်ဆန် လက်တွေ့ကျကျ သုံးသပ်သလို ကျမတို့ပြောတတ်ကြသည်။ ထို့နောက် ချစ်သူနှင့်ကျမသည် ထုတ်ပြောခြင်းမရှိဘဲ တယောက်ကိုတယောက် နှစ်သက် တွယ်တာ တန်ဖိုးထားမိလာကြသည်။ ကျမတို့၏အချစ်သည် ထိုကဲ့သို့ အေးချမ်းစွာစတင်ခဲ့သည်။

လူတို့သည် ဇာတ်လမ်းတခု၏အဆုံးသတ်ကို အလွန်စိတ်ဝင်စားတတ်ကြသည်။ ချစ်သူနှင့် ကျမအတွက်ကတော့ ကျမတို့ဇာတ်လမ်း၏အဆုံးသတ်သည် ကျမတို့ဘ၀အဆုံးသတ်ဖြစ်သည်ဟု ခံယူထားကြသည်။ ထို့ကြောင့် လိုချင်သောဇာတ်လမ်းအဆုံးသတ်ကိုရောက်ရန်ထက် ဘယ်လိုသွားမည်ဆိုသောအချက်က ပိုအရေးကြီးနေသည်။ ချစ်သူနှင့်ကျမသည် ဆူပူအော်ဟစ်ရန်တွေ့ခြင်းများ၊ ကပ်သီးကပ်သပ် မာနများ၊ နားလည်မှုကင်းမဲ့သော အနိုင်ယူလိုစိတ်များကို ကျမတို့ဇာတ်လမ်းထဲ လုံးဝပါဝင်ခွင့်မရှိစေရဟု ဆုံးဖြတ်ထားကြသည်။

သူငယ်ချင်းတယောက်က ချစ်သူသည် ကျမကိုဘယ်လိုလက်ထပ်ခွင့်တောင်းခဲ့ပါသနည်းဟု မေးခဲ့သည်။ ချစ်သူကို ဘယ်ပုံဘယ်နည်းနှင့်လက်ထပ်ခွင့်တောင်းစေချင်သည်ဆိုသောစိတ်မျိုး ကျမတွင်လုံးဝမပေါ်ပေါက်ခဲ့။ ချစ်သူကလည်း လုပ်ဖို့တခါမှစိတ်မကူးခဲ့။ ချစ်သူနှင့်ကျမသည် ထိုသို့သောချစ်သူများဖြစ်ကြသည်။

တကယ်တော့ ကျမနှင့်ချစ်သူတို့ဇာတ်လမ်းမှာ အများသူငါအတွက် ဤသို့ ကဗျာမဆန်စွာ ရိုးစင်းလွန်းပါသော်လည်း၊ ကျမနှင့်ချစ်သူအတွက်တော့ တစ်ဘ၀စာအတွက် လုံလောက်ပြည့်စုံပါသည်။

1 comments:

Kay said...

ကျမ က.. အချစ်ကို အများကြီး မျှော်လင့် အကောင်းမြင် ထား သူပဲ... ။

း)