ရည်မှန်းချက်ဆိုသည်မှာ
ကျော်အောင် ။ ။ ရည်မှန်းချက်ဆိုသည်မှာ ဆိုတဲ့ စာစီစာကုံး မင်းရေးပြီးပြီလား။
နိုင်ထွန်း ။ ။ ဟင့်အင်း ... စဉ်းစားတုန်း။
ကျော်အောင် ။ ။
ငါ့အထင်တော့ ရည်မှန်းချက်ဆိုတာ ဘ၀မှာ ငါတို့လိုချင်တဲ့ ဖြစ်ချင်တဲ့ အရာကိုပြောတာလို့ ထင်တာပဲ။ ငါ့ကို လူကြီးတွေကမေးနေကြလေကွာ ... “သား ရည်မှန်းချက်ကဘာလဲ” ဆိုပြီး ။
အဲဒီအခါ ငါကပြောလိုက်တယ်။ သားမှာရည်မှန်းချက်တခုမကတောင်ရှိတယ်လို့။ တခါတလေ မာမီ့လိုဆရာဝန်ဖြစ်ချင်လိုက်၊ တခါတလေ ဒက်ဒီ့လို စီးပွားရေးသမားဖြစ်ချင်လိုက်။ ဒီစာစီစာကုံးအတွက်တော့ စီးပွားရေးသမားဖြစ်ချင်တယ်လို့ ရေးမယ်ကွာ။ ဘာလို့လဲဆိုတော့ ငါ့ဒက်ဒီလို ပိုက်ဆံတွေအများကြီးရချင်တယ်၊ သူ့ကိုဆို လူတွေက ဆရာ ဆရာ ဆိုပြီး အမြဲခေါ်ကြတာကွ၊ နောက်ဘယ်နေရာသွားသွား သူ့ကို အမြဲဖော်ရွေပြီး ဆက်ဆံကြတာမျိုးတွေ ငါလည်း ရချင်တယ်။ အဲလိုဆို အိုကေမယ်ထင်လား။
နိုင်ထွန်း ။ ။
မင်းလိုချင်တာ ဖြစ်ချင်တာရေးတာပဲကွ၊ ငါတော့ အိုကေတယ်ထင်တယ်။ ငါကတော့ ဘာရေးရင်ကောင်းမလဲ စဉ်းစားတုန်း။ ဒါနဲ့ ဒီမြန်မာစာဆရာမက အရိုက်ကြမ်းတယ်နော်။ သူစာမေးတာ မဖြေနိုင်ရင်၊ သူစာရှင်းပြတာ နားမလည်ရင်၊ တခွန်းနဲ့ ပြောမရရင် စိတ်တိုပြီး ရိုက်ရော။ ငါကတော့ သူ့လိုမဖြစ်ချင်ဖူး။ အဲဒါငါ့ရည်မှန်းချက်ဆိုပြီး စာစီစာကုံးရေးလို့ရမလား မသိဘူး။
ကျော်အောင် ။ ။
ရည်မှန်းချက်ဆိုတာ ဖြစ်ချင်တာကို ရေးရတာ။ မင်းအခုပြောတာက မဖြစ်ချင်တာကြီး။ နောက်ပြီး သူအရိုက်ကြမ်းတဲ့အကြောင်းရေးရင် မင်းကို ပိုရိုက်နေဦးမယ်။
နိုင်ထွန်း ။ ။
အေး .. မင်းပြောတာလည်း ဟုတ်တယ်။ ဒါဆို ငါရယ်၊ ငါ့အကိုရယ်၊ သူ့မိန်းမရယ် တက္ကစီတခါတားစီးတုန်းကအကြောင်း ရေးရင်ကောင်းမယ်ထင်တယ်။
ဒီလိုကွာ အဲဒီတုန်းက ကားသမားက ကားနောက်ခန်းကထိုင်ခုံပေါ်မှာ အထုတ်ကြီးတင်ထားတယ်။ ငါ့အကိုက ကားငှားတော့ စီးရတာကျပ်မှာမို့ ကားရှေ့ခန်းမှာထားပေးဖို့ပြောတာ လုံးဝပြောမရဖူး။ ပြန်ပြောတာ ဂျစ်ကန်ကန်ပုံစံနဲ့ကွ။ ငါကတော့ အဲဒီလူကို ပိတ်ကန်ချင်လိုက်တာ။ ဒါပေမယ့် ငါ့အကိုကတော့ လုံးဝစိတ်တိုပုံမပေါ်ဖူး။ ဒါဆိုလည်း မလိုက်တော့ဖူးဆိုပြီး နောက်ကားတစီးကိုပဲ ပြောင်းစီးလိုက်တယ်။ အဲဒီတော့ ဟိုကားဆရာကြီးလည်း ကားအငှားမလိုက်ရတော့ ပိုက်ဆံမရဖြစ်သွားတာပေါ့။ သူ့မျက်နှာကြီးက ပျက်လို့။ ငါ့အကိုကတော့ ခပ်အေးအေး ပြုံးပြုံးပဲ။
ပြုံးနိုင်တဲ့သူက နိုင်တာပေါ့ကွ၊ ဟုတ်ဖူးလား။ အဲဒီတုန်းက ငါလည်း နောက်ဆို ဘုဂလန့်လုပ်တဲ့သူတွေကို အနိုင်ယူပြီး ငါ့အကိုလို ခပ်ပြုံးပြုံးနေနိုင်ချင်တယ်လို့ စိတ်ထဲတွေးမိတယ်။ အဲဒီအဖြစ်အပျက်ကို စာစီစာကုံးထဲထည့်ရေးရင် ရမယ်ထင်တယ်ကွ။ ဟုတ်တယ်မဟုတ်လား။
ကျော်အောင် ။ ။
အေး .. အဲဒါကတော့ အိုကေတယ်ထင်တယ်။ မင်းက မင်းအကိုလို ဖြစ်ချင်တဲ့အကြောင်း ရေးတာကိုး။
ဟေ့ .. ဟိုမှာ မျိုးဦးလာနေပြီကွ။
မျိုးဦး ။ ။ ဟေ့ကောင်တွေ .. မင်းတို့ဘာလုပ်နေတာလဲ။
ကျော်အောင် ။ ။ သန်ဘက်ခါတင်ရမယ့် စာစီစာကုံးကို ဘယ်လိုရေးရင်ကောင်းမလဲ တိုင်ပင်နေတာကွ။
မျိုးဦး ။ ။ ဘယ်စာစီစာကုံးလဲ။
ကျော်အောင် ။ ။ ရည်မှန်းချက်ဆိုသည်မှာ ဆိုတာလေ။
မျိုးဦး ။ ။
ဒါလေးများ ရေးကြီးခွင်ကျယ်လုပ်ပြီး တိုင်ပင်နေသေး။ မင်းတို့က အတော်ညံ့တာပဲ။ ငါကတော့ ရေးစရာအဆင်သင့်။ မြန်မာစာဆရာမက ဘယ်လိုစာသင်ကောင်းတာ၊ ကျောင်းသားတွေအပေါ် ဘယ်လိုစိတ်ရှည်တာ၊ စေတနာထားတာ၊ ဒါကြောင့် သူ့လိုဖြစ်ချင်တာလို့ ရေးလိုက်မှာပေါ့။
နိုင်ထွန်း ။ ။ မင်းပြောနေတာတွေက အလိမ်တွေပဲ။
မျိုးဦး ။ ။
နိုင်ထွန်း .. မင်းက ငတုံးပဲ။ အဲလိုရေးမှ အမှတ်ကောင်းကောင်းရမှာကွ။ အမှတ်ကောင်းရင် ငါ့အဖေက မုန့်ဖိုးပေးမယ်ပြောထားတယ်။ မုန့်ဖိုးရဖို့က အဓိက။ လိမ်တာ မလိမ်တာ ငါ့အတွက် အရေးမကြီးဘူး။
ကျော်အောင် ။ ။ အေး .. ဒါကလည်း မင်းဖြစ်ချင်တာဆိုတော့ မင်းရည်မှန်းချက်ပဲပေါ့လေ။
ငါကတော့ ငါ့စာစီစာကုံးအဆုံးပိတ်မှာ ဒီလိုရေးလိုက်မယ် .. “လူတိုင်းတွင် ရည်မှန်းချက်ကိုယ်စီရှိကြလေသည်။”
Sunday, March 14, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment