Thursday, October 21, 2010

ဘာလိုသေးလဲကွယ် (၃) (နှင်းဝဿန်)

Thursday, October 21, 2010
အချစ်ကိုမျက်နှာချင်းဆိုင်ရသောအခါ အချစ်ဟုအသိအမှတ်ပြုနိုင်ဖို့ နှလုံးသားတခုသာလိုအပ်သည်။
ချစ်သူကိုချစ်မိသွားသောနေ့က ထိုစာကြောင်းအဓိပါယ်ကို နားလည်ခဲ့သည်။

.................... x x x x x x ..........................

တစုံတယောက်ကိုလက်ထပ်ပြီးမှ ဘ၀လက်တွဲဖော်အစစ်အမှန်ကိုတွေ့ရမယ်ဆိုရင် ဘယ်လောက်နာကျည်းစရာကောင်းလိုက်မည်နည်း။
ထိုအတွေးကို ကျမအမြဲတွေးဖူးသည်။ ထို့ကြောင့် အချိန်တို့ဝါးမြိုခြင်းကိုကြံ့ကြံ့ခံပြီး ဘ၀လက်တွဲဖော်အစစ်အမှန်ကိုရှာခဲ့သည်။ ချစ်သူကလွဲပြီး တခြားဘယ်သူနဲ့မှဘ၀ကိုလျှောက်လှမ်းချင်စိတ်ရှိတော့မည်မဟုတ်ဟု သေချာသိလိုက်သောအချိန်တွင် ချစ်သူကိုလက်ထပ်ဖို့ဆုံးဖြတ်ခဲ့သည်။

.................... x x x x x x ..........................

လက်ထပ်ပြီးတော့ဘယ်လိုခံစားရလဲ ဟု သူငယ်ချင်းများကမေးတတ်ကြသည်။
ဘ၀မှာအပျော်ဆုံးအချိန်ပဲ ဟု ကျမကပြန်ဖြေလေ့ရှိသည်။

လက်ထပ်ခြင်းသည် ချစ်သူနှင့်ကျမအတွက် ပျော်ရွှင်မှုများကိုဆောင်ကျဉ်းပေးရုံမှတပါး အခြားထူးခြားမှုမရှိချေ။

ဘ၀၏အမောများ၊ စိတ်ချမ်းသာစရာများ၊ ရည်မှန်းချက်များ ... ထိုအရာများကိုမျှဝခံစားဖို့ လက်တွဲဖော်တယောက်၊ အနီးဆုံးတစုံတယောက်ရှိလာခြင်းအတွက် ကျမတို့ပျော်ရွှင်မိသည်။ တဦးစီ၏လိုအပ်ချက် အားသာချက်များကို စေတနာအပြည့်နှင့် ထောက်ပြမည့်လက်တွဲဖော်ရှိလာသောကြောင့် အနာဂတ်အတွက် ပျော်ရွှင်မှုများနှင့် ကျမတို့အားတက်မိသည်။

အိမ်ထောင်သက်တမ်းငါးနှစ်ကျော်ပြီဖြစ်သော သူငယ်ချင်းအမကြီးတယောက်ကပြောဖူးသည် ... အိမ်ထောင်ကျတာကြာလာလေ တဦးစီရဲ့လိုအပ်ချက်တွေ အားနည်းချက်တွေ အလိုမကျဖြစ်ရတာတွေကို လက်ခံတတ်လာလေပဲ။

လူတိုင်းတွင် အားနည်းချက် အားသာချက်များဒွန်တွဲနေသည်။ ဘယ်သူမှပြီးပြည့်စုံစွာ ကောင်းမွန်သည်မဟုတ်။ ထိုအခါ အချစ်ကိုအသိအမှတ်ပြုခဲ့သောနှလုံးသားကို ပြန်သတိရဖို့အရေးကြီးသည်။ ချစ်သူကိုချစ်သောကျမနှလုံးသားမှာတော့ ချစ်သူပြောဖူးသောစကားတခွန်း နေရာယူထားသည် .... ခင်မောင်တိုးရဲ့ "မင်းပြုံးရင် ပန်းတို့ပွင့်တယ်" စာသားလို ကျမအမြဲပြုံးနေ ပျော်ရွှင်နေတာတာပဲမြင်ချင်တယ်တဲ့ ... ။ ကျမကလည်း ချစ်သူနည်းတူ .. ချစ်သူ့အပြုံး ပျော်ရွှင်မှုများကိုပဲမြင်ချင်သူဖြစ်သည်။

အိမ်ထောင်ကျတယ်ဆိုတာ ထောင်ကျသလိုပဲ ဟု တချို့ကနောက်ပြောင်တတ်ကြသည်။ တကယ်တော့ လက်ထပ်ခြင်းဆိုသည်မှာ ထောင်ကျသလိုပဲဖြစ်မလား ... အိမ်သစ်၊ ဘ၀သစ်တခုကိုထူထောင်သလိုဖြစ်မလားဆိုတာ ... လက်ထပ်လိုက်သူနှစ်ဦးအပေါ်မူတည်သည်။ သူတို့၏ရွေးချယ်ချက်ပင်ဖြစ်လေတော့သည်။

0 comments: