ကျမနေတဲ့ပတ်ဝန်းကျင်မှာ နွမ်းပါးတဲ့ကလေးတချို့ လူကြီးတချို့ ဒုက္ခိတတချို့ဟာ မီးပွိုင့်တွေမှာဖြစ်ဖြစ် ၊ စားသောက်ဆိုင်တွေမှာဖြစ်ဖြစ် စံပယ်ပန်းကုံးတွေ လိုက်ရောင်းပြီး မိသားစုဝင်ငွေရှာကြရတယ် ။
အရမ်းပူတဲ့နေ့တွေမှာ ဦးထုတ်လေးတွေဆောင်း အပူဒဏ်ကိုအံတုလို့ မီးပွိုင့်မှာကားတွေရပ်တိုင်း ပန်းကုံးတွေလိုက်ရောင်းကြတယ် ။ ခြေတဘက်ပြတ်နေတဲ့ ဒုက္ခိတလူတယောက်ကို မြင်ဖူးတယ် ။ သူဟာ ချိုင်းထောက်ကို အားပြုလျှောက်ရင်း ကားတစီးစီးရဲ့ မှန်ပြတင်းများဖွင့်လာလေမလားဆိုတဲ့ မျှော်လင့်ချက်မျက်နှာနဲ့ သူ့ပန်းကုံးတွေကို မြှောက်မြှောက်ပြပြီး ရောင်းတယ် ။ တခါတလေ ကား တစီးပြီးတစီးကိုသာ သူဖြတ်ကျော်လျှောက်သွားမယ် .. တစီးကမှ သူ့ဆီက ပန်းမ၀ယ်တဲ့အခါပေါင်းများစွာရှိတတ်တယ် ။ လေအေးစက်ဖွင့်ထားတဲ့ကားပေါ်မှာထိုင်နေရတဲ့ ကျမက သူ့ကိုတွေ့တိုင်း စိတ်မကောင်းဖြစ်မိတယ် ။
စားသောက်ဆိုင်တွေမှာလည်း ပန်းကုံးတွေလိုက်ရောင်းတဲ့ ၅ - ၈ နှစ်အရွယ်ကလေးတွေကို တွေ့ရတတ်တယ် ။ သူတို့တွေက ကိုယ့်နေရာနဲ့ကိုယ်သတ်မှတ်ပြီးရောင်းကြပုံပဲ ။ တနေရာမှာ ကလေးတယောက်ကိုပုံမှန်လို တွေ့ရတတ်တယ် ။ ကျမတို့ကညစာကိုစားနေချိန် အဲဒီကလေးတွေက ပန်းကုံးလေးတွေကိုင်လို့ လိုက်ရောင်းကြရရှာတယ် ။ သူတို့ကြည့်ရတာ ညစာလည်း မစားရသေးပုံပဲ ။ တချို့ဆို အိပ်ချင်မူးတူးပုံစံနဲ့ ။ ပန်းကုံးတွေကုန်မှ အိမ်ပြန်လို့ရမယ့်သဘောပဲ ။ သူတို့လေးတွေကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ် ။
သူတို့တွေရောင်းတဲ့ပန်းကုံးကို မလိုရင်တောင် တကုံးတော့အမြဲဝယ်လိုက်တယ် ။ ကိုယ့်အတွက်ကတော့ မုန့်ပွဲတပွဲစာအတွက် ပေးလိုက်ရတဲ့ ပိုက်ဆံလောက်ပဲ ။ သူတို့အတွက်ကတော့ တကုံးရောင်းရလေ အိမ်ပြန်ဖို့ တနေ့တာအတွက်နားဖို့အချိန်နဲ့ ပိုနီးလေပဲပေါ့ ။
ဘ၀ကိုပင်ပန်းစရာလို့ခံစားရတဲ့အခါတိုင်း သူတို့တွေအကြောင်းစဉ်းစားမိတယ် .. လောကမှာ ကိုယ့်ထက်ဆိုးတဲ့သူတွေ အများကြီးရှိနေသေးတယ်ဆိုတာ ။
Friday, December 9, 2011
Subscribe to:
Post Comments (Atom)
2 comments:
အပိုင်း ၁ ကလည်း တိုလိုက်တာ..။း)
တခါတော့..လမ်းခရီး တခု မှာ တထောက်နား မိ တော့.. ဒေသ ထွက်.. စာကလေးကြော်..ခိုကြော် လေး တွေ လာရောင်းကြတယ်။ အခုလိုပဲ.. ၁၀ နှစ် သာသာ ကလေး တွေ ပေါ့။ ထမင်းဆိုင် ထဲ ကို ၀င်..အပေါ့အပါး သွားကြ.. အအေးဝယ်ကြ..လက်ဖက်ရည် သောက်ကြ မဲ့..ခရီးသည် တွေ နောက်.. တစာစာ လိုက်ရင်း.. ဆိုင်အ၀ က နေ.. စောင့်နေကြတယ်။ စားပွဲ တလုံး မှာ ထိုင်တော့.. ကလေး ၃ ယောက်လောက် ၀ိုင်းလာ တယ်။ သူတို့ အားလုံး ရဲ့ ဗန်းထဲ မှာ လည်း စာကလေးကြော် တွေ ချည်း..အားလုံး အတူတူပဲ။ နောက်တော့..တယောက်ချင်းစီ ဆီကနေ.. ၂ ကောင်..စီ ၃ ကောင်စီ ကြုံသလို ခွဲဝယ် ပေး ခဲ့ ရ တယ်လေ..။ ဘာကို ဘယ်လို မှတ်ချက်ချ ..ရ မှန်း လည်း မသိနိုင်ပေ..။
( ကဲ..တို့ကွန်မန့်က..ပို့စ် နီးပါး ရှည်တယ်နော်..)း))
ဟိုတစ ဒီတစဆိုတော့ ရှိသလောက်ပဲ ရေးဖြစ်သွားတာ.. တိုတဲ့အခါလည်း တိုမယ်ထင်တယ် :)
အင်း အဲလိုကလေးတွေတွေ့ရင် စိတ်ထဲမကောင်းဘူး ။ ကိုယ်လုပ်နိုင်တာကတော့ တတ်နိုင်သလောက်လေး သူတို့ဆီက ၀ယ်ယူအားပေးဖို့ပေါ့ ။
Post a Comment