Monday, December 26, 2011

ဟိုတစ ဒီတစအတွေးများ (၂)

Monday, December 26, 2011
ဂျပန်နိုင်ငံက အသက်ရှည်သူတဲ့သူတွေအကြောင်းဖတ်ရတိုင်း သူတို့လောက်ထိအသက်မရှည်ချင်ပါဖူးလို့ စိတ်ထဲမှာ တွေးမိတယ် ။ ကျမက ဘ၀တခုကို အသက် ၇၀ လောက်ထိပဲ ဖြတ်သန်းချင်တယ် ။ အဲဒီအချိန်အတွင်းမှာ ကျန်းကျန်းမာမာနဲ့ လုပ်ချင်တာတွေ အကုန်လုပ်ချင်တယ် ။ အဲဒါတွေလုပ်ဖို့ အနှစ် ၇၀ ထိပဲ ဘ၀မှာနေရရင် လုံလောက်ပြီလို့ မြင်မိတယ် ။


အသက် ၈၀ ကျော် ကျမအဖွားဆိုရင် အသက်ကြီးလာလေ မျက်စိကမှုန်လာတော့ သူဖတ်ချင်တဲ့စာလည်း မဖတ်နိုင်တော့ ။ အရိုးအဆစ်တွေက ယိုင်နဲ့လာတော့ သွက်လက်လှုပ်ရှားနိုင်တာမရှိတော့ ။ သွားတော်တော်များများကလည်း ကျိုးပြီဆိုတော့ အစာစားရင် ၀ါးရတာကပဲ သူ့အတွက်အလုပ်တခု ။ တခုခုလုပ်ချင်ရင်လည်း အိမ်သာသွား ရေချိုးတာတွေကအစ သူများကို အားကိုးရတယ် ။ သူ့ကိုကြည့်ပြီး သူ့လောက်ထိ လောကကြီးမှာမနေချင်ဖူးလို့ တွေးမိတယ် ။

ကျမတို့အိမ်နားမှာနေတဲ့ အသက် ၈၅ နှစ်ကျော်လောက်ရှိတဲ့ အဘွားအိုတယောက်ဆိုရင် နေ့စဉ်နေ့တိုင်း သူ့အိမ်ရှေ့ကအပင်လေးတွေကို ခွေးခြေလေးနဲ့ထိုင်ပြီး ရေလောင်းတယ် ၊ ပြီးရင် တနေကုန်နီးပါး ကျမတို့နေတဲ့ရပ်ကွက်အပိုင်းမှာ တုတ်ကောက်ကိုသုံးပြီး ဖြေးဖြေးချင်း လမ်းလျှောက်တယ် ။ သူ့မှာလုပ်စရာဆိုလို့ အဲဒီဟာတွေပဲ ရှိသလို ။ သူ့ကိုကြည့်ပြီး သူ့လောက်ထိ လောကကြီးမှာမနေချင်ဖူးလို့ တွေးမိတယ် ။

လူဆိုတာ အသက်ကြီးလာရင် ဇရာကိုမလွန်ဆန်နိုင်တော့ဖူး ။ ဒါပေမယ့် တချို့က စောစောအိုစာပြီး တချို့ကတော့ ဖြည်းဖြည်း အိုစာတယ် .. အသက်ကြီးပေမယ့် နုပျိုနေကြတာလည်း ရှိတယ် ။ သူတို့ကိုကြည့်လိုက်ရင် အများအားဖြင့် သူတို့က ဘ၀မှာ ပျော်ပျော်နေတတ်ကြတယ် ၊ ကျန်းမာရေးဂရုစိုက်ကြတယ် ၊ အသက်ကြီးလည်း စိတ်ဝင်စားစရာအသစ်ဆိုတာတွေကို လေ့လာရှာဖွေနေတတ်ကြတယ် ၊ လောကကြီးနဲ့အဆက်မပြတ်အောင် နေဖို့ကြိုးစားတယ် ။

ကိုယ့်ကိုယ်ကိုယ်စဉ်းစားကြည့်တဲ့အခါ .. မွေးတည်းက အသက် ၂၁ နှစ်အထိ ကျောင်းသားဘ၀နဲ့ပဲ ဖြတ်သန်းခဲ့တယ် ။ အဲဒီ ၂၁ နှစ်က သိပ်မထူးခြားခဲ့ဖူး ။ ကျောင်းသားတယောက် စာမေးပွဲအောင်ဖို့လုပ်တာထက် ဘာမှထွေထွေထူးထူးမလုပ်ဖြစ်ခဲ့ဖူးလို့ ကိုယ့်ဘာသာမြင်မိတယ် ။

ပြီးတော့ အလုပ်ဝင်ခဲ့တယ် .. ၁၂ နှစ်အတွင်းမှာ ဘ၀မှာ ပျော်စရာတွေ ၊ စိတ်ဝင်စားစရာတွေ ၊ သံဝေဂရစရာတွေ ၊ စိတ်ပျက်စရာ စိတ်ညစ်စရာတွေ ၊ သင်ခန်းစာယူစရာတွေ နဲ့ ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်စရာတွေ ဖြစ်ခဲ့တယ် ။ အဲဒီ ၁၂ နှစ်အတွင်း မှာ .... ဘ၀လက်တွဲဖော်နဲ့ ဖူးစာဆုံခဲ့တယ် ၊ ကျမ တကယ် စိတ်ဝင်စား စိတ်အားထက်သန်ပြီး တဘ၀လုံး မညီးမညူလုပ်နိုင်မယ့် အလုပ်ဆိုတာ educator အလုပ်ပါလားလို့ သိခဲ့ရတယ် ၊  ဒီလောကကြီးမှာ ကိုယ့်ထက်ဘ၀ကံမကောင်းသူတွေ အများကြီးရှိပါလားဆိုတာသိရှိခဲ့ပြီး စာနာသနား ကူညီတတ်ခဲ့တယ် ၊ ကိုယ့်ဘ၀ကံကောင်းတဲ့အကြောင်း မိဘတွေကျေးဇူးကို အမြဲစဉ်းစားလာတတ်ခဲ့တယ် ၊ မိဘတွေ အိုမင်းလာတာကို တအံ့တသြနဲ့ ၊ ငါလည်း တနေ့သူတို့လိုဖြစ်မှာပါလားဆိုတဲ့အတွေးနဲ့ ... ကျမ တကယ်ပဲ လူကြီးဖြစ်ခဲ့ပါတယ် ။

နောက်ထပ် ၃၇ နှစ်မှာတော့ အဓိကအကျဆုံးအရာက ကျမနဲ့ချစ်သူတို့ ကျန်းမာဖို့ နဲ့ အေးချမ်း ပျော်ရွှင်နေဖို့ ၊ ဘ၀မှာအသုံးဝင်တဲ့လူသားတွေအဖြစ် နေတတ်ဖို့ ၊ နုပျိုစွာအိုစာအောင် နေကြဖို့  ။ အဲလောက်ဆို ကျမအတွက်လုံလောက်ပါပြီ ။ ကျမလောဘ မကြီးပါဖူး ။ ဒါပေမယ့် နုပျိုစွာအိုစာနိုင်မယ့် ကံတရားမျိုးကိုတော့ အမြဲဆုတောင်းနေမှာပါ ။

Friday, December 9, 2011

ဟိုတစ ဒီတစအတွေးများ (၁)

Friday, December 9, 2011
ကျမနေတဲ့ပတ်ဝန်းကျင်မှာ နွမ်းပါးတဲ့ကလေးတချို့ လူကြီးတချို့ ဒုက္ခိတတချို့ဟာ မီးပွိုင့်တွေမှာဖြစ်ဖြစ် ၊ စားသောက်ဆိုင်တွေမှာဖြစ်ဖြစ် စံပယ်ပန်းကုံးတွေ လိုက်ရောင်းပြီး မိသားစုဝင်ငွေရှာကြရတယ် ။

အရမ်းပူတဲ့နေ့တွေမှာ ဦးထုတ်လေးတွေဆောင်း အပူဒဏ်ကိုအံတုလို့ မီးပွိုင့်မှာကားတွေရပ်တိုင်း ပန်းကုံးတွေလိုက်ရောင်းကြတယ် ။ ခြေတဘက်ပြတ်နေတဲ့ ဒုက္ခိတလူတယောက်ကို မြင်ဖူးတယ် ။ သူဟာ ချိုင်းထောက်ကို အားပြုလျှောက်ရင်း ကားတစီးစီးရဲ့ မှန်ပြတင်းများဖွင့်လာလေမလားဆိုတဲ့ မျှော်လင့်ချက်မျက်နှာနဲ့ သူ့ပန်းကုံးတွေကို မြှောက်မြှောက်ပြပြီး ရောင်းတယ် ။ တခါတလေ ကား တစီးပြီးတစီးကိုသာ သူဖြတ်ကျော်လျှောက်သွားမယ် .. တစီးကမှ သူ့ဆီက ပန်းမ၀ယ်တဲ့အခါပေါင်းများစွာရှိတတ်တယ် ။ လေအေးစက်ဖွင့်ထားတဲ့ကားပေါ်မှာထိုင်နေရတဲ့ ကျမက သူ့ကိုတွေ့တိုင်း စိတ်မကောင်းဖြစ်မိတယ် ။

စားသောက်ဆိုင်တွေမှာလည်း ပန်းကုံးတွေလိုက်ရောင်းတဲ့ ၅ - ၈ နှစ်အရွယ်ကလေးတွေကို တွေ့ရတတ်တယ် ။ သူတို့တွေက ကိုယ့်နေရာနဲ့ကိုယ်သတ်မှတ်ပြီးရောင်းကြပုံပဲ ။ တနေရာမှာ ကလေးတယောက်ကိုပုံမှန်လို တွေ့ရတတ်တယ် ။ ကျမတို့ကညစာကိုစားနေချိန် အဲဒီကလေးတွေက ပန်းကုံးလေးတွေကိုင်လို့ လိုက်ရောင်းကြရရှာတယ် ။ သူတို့ကြည့်ရတာ ညစာလည်း မစားရသေးပုံပဲ ။ တချို့ဆို အိပ်ချင်မူးတူးပုံစံနဲ့ ။ ပန်းကုံးတွေကုန်မှ အိမ်ပြန်လို့ရမယ့်သဘောပဲ ။ သူတို့လေးတွေကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ် ။

သူတို့တွေရောင်းတဲ့ပန်းကုံးကို မလိုရင်တောင် တကုံးတော့အမြဲဝယ်လိုက်တယ် ။ ကိုယ့်အတွက်ကတော့ မုန့်ပွဲတပွဲစာအတွက် ပေးလိုက်ရတဲ့ ပိုက်ဆံလောက်ပဲ ။ သူတို့အတွက်ကတော့ တကုံးရောင်းရလေ အိမ်ပြန်ဖို့ တနေ့တာအတွက်နားဖို့အချိန်နဲ့ ပိုနီးလေပဲပေါ့ ။

ဘ၀ကိုပင်ပန်းစရာလို့ခံစားရတဲ့အခါတိုင်း သူတို့တွေအကြောင်းစဉ်းစားမိတယ် .. လောကမှာ ကိုယ့်ထက်ဆိုးတဲ့သူတွေ အများကြီးရှိနေသေးတယ်ဆိုတာ ။