Thursday, January 5, 2012

Pet Diary (1)

Thursday, January 5, 2012
အိမ်ထောင်ကျခါစ ကျမတို့နှစ်ယောက်ကြား မတူတဲ့အချက်တခုကတော့ ချစ်သူက တိရိစ္ဆာန်ချစ်တတ်တယ် ၊ သူတို့ကိုမွေးရတာ စိတ်ဝင်စားတယ် ၊ ငယ်ငယ်လေးတည်းက ငါးမျိုးစုံ ၊ တောကြောင်ပေါက် ၊ ခွေး ၊ ကြက်တူရွေး စတဲ့အကောင်လေးတွေ မွေးဖူးတယ် ။ ကျမကတော့ ငယ်ငယ်တုန်းက အိမ်ဘေးက အယ်လ်ဇေးရှင်းခွေးက အမြဲဟောင်တာခံခဲ့ရတော့ ခွေးဆို ဘယ်လောက်သေးသေး ဟောင်သံကြားတာနဲ့ ကြောက်နေတာမျိုး ။ တိရိစ္ဆာန်ဆိုလို့ သူများကြောင်မကြီးက လာမွေးတဲ့ ကြောင်လေး နှစ်ကောင်ပဲ မွေးဖူးတယ် ။ ဒါလဲ ကိုယ့်အိမ်မှာလာမွေးလို့ ဘယ်ပေးရမှန်းမသိလို့ မွေးဖြစ်သွားတာ ၊ စိတ်ထဲသိပ်ပါလှတယ်မဟုတ်ဘူး ။ ငါးမွေးဖို့ဆို ဝေလာဝေး ၊ မွေးဖို့စိတ်လည်းမရှိ ၊ စားဖို့လောက်ပဲသိတာမျိုး ။

ဇာတ်လမ်းကတော့ ကျမတို့အိမ်ထောင်ကျပြီးနေတဲ့အိမ်က စတာပါပဲ ။ အဲဒီအိမ်မှာ ကန်ခပ်ကြီးကြီးတကန်ပါတယ် ။ ကြာပန်းတွေနဲ့ ။ အဲဒါကို ချစ်သူက သန့်ရှင်းရေးလုပ်ပြီး filter တွေဘာတွေတပ်ပြီး ၊ ရွှေငါးကြင်း (Koi fish) တွေ မွေးပါတော့တယ် ။ ရွှေငါးကြင်းနဲ့ပတ်သက်ရင် ရွှေငါးကြင်းရောင်းပြီး ကြီးပွားသွားတဲ့ စင်္ကာပူကလူတယောက်အကြောင်းလောက်ပဲ သိတာ ။ ကျန်တာဘာမှမသိ ။ ရွှေငါးကြင်းဆိုတာ ကြိုက်စရာလို့လည်း မမြင် ။ ရွှေငါးကြင်းအမျိုးအစားတချို့က အရမ်းဈေးကြီးတာတော့ သိတယ် ။ အဲဒီတော့ လူတွေဘာလို့ အဲဒီ ရွှေငါးကြင်းကို ပိုက်ဆံအကုန်ခံမွေးကြလဲမသိဘူးလို့တောင် တွေးမိသေး ။ ဒါပေမယ့် ချစ်သူက ၀ယ်မွေးပြန်တော့လည်း မကန့်ကွက်ပါဖူး ။ သူ့ဘာသာမွေးပေါ့ ။ 

တကယ်ကျတော့ အဲဒီ ရွှေငါးကြင်းတွေ ရောင်းတဲ့ဆိုင်သွားလိုက် ၊ အရောင်မျိုးစုံ ဆိုဒ်မျိုးစုံနဲ့ရွှေငါးကြင်းတွေ ၀ယ်လိုက်နဲ့ ၊ နောက်ဆုံး အကောင် ၂၀ လောက်ဖြစ်လာတော့ ကျမလည်း ရွှေငါးကြင်းမွေးရတာ စိတ်ဝင်စားသွားပါတော့တယ် ။ သူတို့ကို အရောင်လှအောင် ဘယ်လိုအစာကျွေးရမလဲဆိုတာ အင်တာနက်ပေါ် တက်ဖတ်လိုက် ၊ တခါတလေ အစာကျွေးရင်း သူတို့ကို ထိုင်ကြည့်လိုက် ၊ တခြားနေရာတွေမှာ ရွှေငါးကြင်းတွေတွေ့ရင် ငါတို့အိမ်ကအကောင်တွေနဲ့ ဘယ်လိုကွာတာ ဘာညာနဲ့ စူးစမ်းလေ့လာ ယှဉ်ပြီး စဉ်းစားတာတွေ လုပ်တတ်လာပါတော့တယ် ။ သူ့အလိုလို မကြိုးစားရပါပဲ ချစ်သူနဲ့ အကြိုက်ချင်းညှိယူလို့ ရသွားတာမျိုးပေါ့ ။


တနေ့တော့ ဆိုင်မှာ ရွှေငါး (Oranda fish) တွေတွေ့ပြီး သဘောကျလို့ ၃ ကောင်ဝယ်လာပြီး မွေးကြတယ် ။ သစ်ပင်အောက်က အိုးကြီးထဲမှာ သူတို့ကိုထားပြီး ကြည့်ရတာ သဘောတွေကျလို့ ။ 
 
မကြာပါဖူး .. တရက် နှစ်ရက်လောက်နေတော့ ဗျိုင်းလာစားလို့လားမသိ ၊ တကောင်ပျောက်သွားတယ် ။ ဒါနဲ့ နှစ်ယောက်သား ဗျိုင်းကို ကင်းစောင့်ရတယ် ။ ဒါပေမယ့်လည်း ခပ်လည်လည်ဗျိုင်းမို့ ထင်ပါရဲ့ ၊ ကျမတို့အလစ်မှာ ကျန်တဲ့နှစ်ကောင်ကိုပါ သုတ်သွားတယ် ။ 

ဒါနဲ့ နောက်ထပ် ရွှေငါးသုံးကောင်ဝယ်ပြီး ဒီတခါတော့ လေးထောင့်ငါးကန်ထဲထည့်ပြီး အိမ်ရှေ့ကအမိုးအောက် ထိုင်စရာနေရာလေးမှာထားကြတယ် ။ မနက်စာစားတိုင်း ရွှေငါးလေးတွေနားထိုင်စားရင်း သဘောတွေကျလို့ပေါ့ ။ 

ဒါပေမယ့် ရွှေငါးတွေက နုတယ်ထင်တယ် ၊ မကြာခင်မှာ တကောင်ချင်း သေကုန်ကြပြန်တယ် ။ ကိုယ့်လက်ထဲမှာ တခါမှ တိရိစ္ဆာန်မသေဘူးတော့ ကျမလည်း ၀မ်းနည်းပက်လက် ။ ချစ်သူကတော့ မွေးနေကြမို့လားမသိ ၊ ဘာမှသိပ်မဖြစ်သလို ။ သေတော့လည်း ထပ်ဝယ်မွေးမယ်ပေါ့တဲ့ ။ ကျမကတော့ ကိုယ်မွေးမှ ဒီရွှေငါးတွေ သေရချည်ရဲ့ဆိုပြီး မမွေးတော့ဖူးလို့ ဆုံးဖြတ်လိုက်တယ် ။ အဲဒီတော့လည်း ချစ်သူက လိုက်လျောပါတယ် ။

ချစ်သူက အိမ်မွေးတိရိစ္ဆာန်ရောင်းတဲ့ဆိုင်ကို သွားကြည့်ရတာဝါသနာပါတယ် ။ တနေ့တော့ တခြားမြို့တမြို့ကို ခရီးထွက်ရင်း အိမ်မွေးတိရိစ္ဆာန်ရောင်းတဲ့ဆိုင်ကို အပြန်လမ်းမှာကြည့်ဖြစ်ကြတယ် ။ အဲဒီမှာ တိန်ညင်ကြက် (Bantam chicken) အထီးအမကိုတွေ့ပြီး ၀ယ်ဖြစ်သွားတယ် ။ အဲဒီကနေ အိမ်မှာကြက်မွေးတဲ့ဇာတ်လမ်းစတော့တာပါပဲ ။ 

ကြက်ဆိုရင် ကျမသိခဲ့တာက ကျမအဒေါ်လုပ်တဲ့အင်းစိန်က အစိုးရမွေးမြူရေးကြက်ခြံနဲ့ အိမ်နားပတ်ဝန်းကျင်မှာတွေ့ရလေ့ရှိတဲ့ ရိုးရိုးကြက်တွေ ၊ တိုက်ကြက်တွေ ။ တိန်ညင်ကြက်ဆိုတာ ဘာမှန်းတောင်မသိ ၊ တခါမှမမြင်ဘူး ။ ကြက်နဲ့ပတ်သက်ရင် အဲလောက်ဗဟုသုတရှိခဲ့တာ ။ ချစ်သူနဲ့လက်ထပ်တော့မှ ကြက်မွေးဖူးပြီး ကြက်တွေအကြောင်း ပိုသိလာရတော့တယ် ။ 

(ဆက်ရန်)


0 comments: