Friday 13 တဲ့ ။ ဒါပေမယ့် ကောင်းတာတွေချည်းမြင်ရတဲ့နေ့ပဲ ။
ဒီနေ့မှာ နိုင်ငံရေးအကျဉ်းသားအများကြီးလွတ်တယ် ၊ အေအေပီပီစာရင်းအရတော့ ၃၀၁ ယောက်လို့ပြောတယ် ။ Facebook ပေါ်မှာဖတ်ရသမျှ လူတွေအားလုံးဝမ်းသာနေကြတယ် ။ သတင်းတွေ ဓါတ်ပုံတွေ အင်တာဗျူးအသံဖိုင်တွေ ပလူပျံနေတယ် ။ ကျမလည်းပုံတွေလိုက်ကြည့် သတင်းတွေလိုက်ဖတ်နဲ့ အတော်လေးဝမ်းသာမိတယ် ။ အထူးသဖြင့် မနီလာသိန်းနဲ့ကိုဂျင်မီတို့ သူတို့သမီးလေးနဲ့ ပြန်တွေ့ရတာအတွက် ၊ ဆရာတော်ဘုန်းဘုန်းတွေ လွတ်မြောက်လာတဲ့ပုံတွေကြည့်ရတာအတွက် ၊ ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ လွတ်မြောက်လာတာအတွက် ၊ နေဘုန်းလတ် လွတ်မြောက်လာတာအတွက် ။
ဦးခင်ညွန့်နဲ့ သူ့သားလည်းပါတယ် ။ တချို့ကတော့ သူ့ကို ခါးသီးနေတုန်း ၊ တချို့ကျတော့လည်း ပြီးခဲ့တာပြီးပြီဆိုပြီး သူလွတ်မြောက်တာကိုကြိုဆိုကြတယ် ။ ကျမအမြင်တော့ သူ့ကြောင့် ဘ၀ပေါင်းများစွာ ပျက်စီးခဲ့တာကို မေ့မထားသင့်ဖူး ။ သူလွတ်တာကို နိုင်ငံရေးအကျဉ်းသားတွေလွတ်တာလိုမျိုး ၀မ်းမသာမိဖူး ။ တချိန်တည်းမှာ အငြိုးအတေးဆိုတာ မထားရင်လည်းကောင်းမယ် ။ ဒေါ်စုပြောလေ့ရှိတဲ့ မေတ္တာတရားဆိုတာမျိုးကို သွားစဉ်းစားမိတယ် ။
လူတွေက သမ္မတဦးသိန်းစိန်ကို ချီးမွန်းကြတယ် ။ ကျမကတော့ သမ္မတဦးသိန်းစိန်အပါအ၀င် အခုလက်ရှိအစိုးရထဲကခေါင်းဆောင်ပိုင်းတွေက မြန်မာပြည်ကိုပြောင်းလဲချင်စိတ်ရှိလာတာအတွက် ၀မ်းမြောက်ဝမ်းသာဖြစ်မိတယ် ။ တကယ်ဆို သူတို့ဘက်က ခုလိုပြောင်းလဲမှုတွေမလုပ်လာရင် အရင်ကလိုပဲ deadlock (မဆုတ်သာမတိုးသာအခြေအနေ) ဖြစ်နေနိုင်တယ် ။ ခုတော့ သူတို့လည်း မြန်မာပြည်က ပြောင်းလဲဖို့လိုလာပြီလို့ မြင်လာတယ်လို့ ခန့်မှန်းရတာပဲ ။ Arab နိုင်ငံတွေမှာဖြစ်တာကို ကြည့်ပြီး စိတ်ပြောင်းသွားတာလား ၊ ဒါမှမဟုတ် ခေတ်အဆက်ဆက် အာဏာရှင်တွေအောက်မှာ နေခဲ့ရတဲ့ မြန်မာပြည်က အရမ်းပဲချွတ်ချုံကျသွားလို့ အပြောင်းအလဲလုပ်မှဖြစ်မယ်လို့ မြင်လာလို့လား ၊ ဘာပဲဖြစ်ဖြစ် ခုလို အပြောင်းအလဲကို ဦးတည်လာတာတွက် ၀မ်းသာမိတယ် ။
ပြီးခဲ့တဲ့နေ့က တောင်ဒဂုံက ဦးစိုးကြွယ်ရဲ့ တကိုယ်တော်ဆန္ဒပြပွဲကို သတင်းမှာကြည့်လိုက်ရတယ် ။ ဦးစိုးကြွယ်ပြောတဲ့ "အဲဒီ့ ဒိုင်းကြီးတွေ လွှားကြီးတွေခေတ်က ကုန်ပါပြီ" ဆိုတဲ့စကားကိုတော့ သဘောကျမိတယ် ။ ခုလိုဆန္ဒပြတဲ့သူရှိမှလည်း အောက်ခြေအဆင့်အထိ အပြောင်းအလဲဆိုတာ တကယ်ဖြစ်လာမယ် ထင်တယ် ။ နို့မဟုတ်ရင် အပေါ်ကပဲထုတ်ပြန်မှုတွေလုပ်ပြီး အောက်ခြေအဆင့်ကျတော့ လုပ်ထုံးလုပ်နည်း တိတိကျကျဘာမှမရှိရင် သွားနေကြအတိုင်းပဲ သွားနေကြမှာပဲ ။ ပြောင်းလဲမှုဆိုတာ ရှိလာမှာမဟုတ်ဘူး ။ ဘာပဲဖြစ်ဖြစ် သူ့ကိုအတင်းဓမ္မဖမ်းတာမျိုး ၊ ရွှေဝါရောင်တော်လှန်ရေးတုန်းကလို ကြံ့ဖွတ်တွေသုံးပြီး စွဲတာမျိုးတွေမရှိတာ ၊ ဓါတ်ပုံရိုက်တာ အသံဖမ်းလို့ရတာတွေကတော့ အပြောင်းအလဲတခုလို့ ပြောလို့ရမယ်ထင်တယ် ။
မြစ်ဆုံပရောဂျက်နဲ့ ထားဝယ်ပရောဂျက်တွေကို ရပ်တန့်လိုက်တာအတွက်တော့ အရမ်းကျေနပ်မိတယ် ။ တကယ်ဆို အဲဒီပရောဂျက်တွေမှာ ထိုင်း ၊ တရုတ်တွေက ကိုယ့်နိုင်ငံကို အသုံးချပြီး သူတို့ကိုယ်ကျိုးရှာတယ်လို့ ခံစားရတယ် ၊ မခံချင်ဖြစ်မိတယ် ။ သူတို့နိုင်ငံတွေမှာတော့ ခုလို သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မယ့်ပရောဂျက်တွေမလုပ်ဘဲ မြန်မာနိုင်ငံမှာပဲ လာလုပ်တယ် ။ ကိုယ့်နိုင်ငံသားတွေ အမှောင်ထဲမှာနေရတုန်း သူတို့နိုင်ငံအတွက် မီးအားပေးရမယ်ဆိုတာ လုံးဝမခံချင်စရာပဲ ။ ခုဆို မြန်မာပြည်ကို ဂျပန် အမေရိကား စတဲ့ လုပ်ငန်းရှင်တွေဝင်လာကြပြီ ၊ သူ့ထက်ငါ နေရာရအောင် လုပ်ကြတော့မယ် ၊ ဘယ်လုပ်ငန်းရှင်မဆို (အထူးသဖြင့် နိုင်ငံခြားသားလုပ်ငန်းရှင်) ကိုယ့်ဘက်သာဖို့ပဲ လုပ်ကြမယ် ။ အဲဒီအခါ သမ္မတဦးသိန်းစိန်နဲ့ လက်ရှိအစိုးရက အမျိုးသားစိတ်ဓါတ်နဲ့ ပြည်သူတွေအကျိုးကိုကြည့်ပြီး ဆုံးဖြတ်နိုင်ပါစေလို့ ဆုတောင်းတယ် ။
ဒေါ်စုကို ဘရန်း (brand) တဲ့ ။ ဆောင်းပါးတခုမှာဖတ်လိုက်ရတယ် ။ icon (အမွန်းတင်ခံရသောပုဂ္ဂိုလ်) လို့ ကျမကတော့ မြင်မိတယ် ။ မြန်မာပြည်ရဲ့ Democracy icon ပေါ့ ။ ဒေါ်စုဟာ မြန်မာပြည်ရဲ့ Peace Symbol (သင်္ကေတ) လည်းဖြစ်တယ် ။ ဒေါ်စုလိုနောက်တယောက် မြန်မာပြည်မှာ မရှိလာနိုင်ဖူးလို့ ယုံကြည်တယ် ။ အခုလို အစိုးရကပြောင်းလဲချင်စိတ်ရှိလာချိန်မှာ ဒေါ်စုရှိနေသေးတာအတွက်လည်း ၀မ်းသာမိတယ် ။
ဒေါ်စုကြောင့် လူတွေစည်းလုံးလာကြတယ် ။ ပညာရေးရန်ပုံငွေပွဲတော်တုန်းကလည်း ဘယ်လောက်အဆင်ပြေခဲ့သလဲ ။ ရုပ်ရှင်မင်းသား မင်းသမီး အဆိုကျော်တွေလည်း အားတက်သရော ပါဝင်ကြတယ် ။ ယုံကြည်ချက်အကျဉ်းသားလွတ်မြောက်ရေး တီရှပ်ကန်ပိန် လုပ်တော့လည်း ထောက်ခံကြတယ် ။
Hilary Clinton ၊ George Soros တို့ကိုယ်တိုင် မြန်မာပြည်ကိုလာကြတယ် ။ သူတို့က မြန်မာနိုင်ငံဟာ ခေါင်းဆောင်ကောင်းအောက်မှာ တိုးတက်လာနိုင်မယ်လို့ ယုံကြည်တယ်လို့ မြင်မိတယ် ။ နောက်မြန်မာနိုင်ငံသားတွေ အရည်အချင်းရှိတယ်လို့ ကောက်ချက်ချတာမျိုးလည်း ဖြစ်နိုင်တယ် ။ ဒေါ်စုသာမရှိခဲ့ရင် သူတို့ ခုလောက်မြန်မြန်ဆန်ဆန် လာရောက်ကြပါ့မလား ။
ကျမအရမ်းသဘောကျတာကတော့ အဆိုကျော် ရုပ်ရှင်မင်းသမီးတွေအပါအ၀င် မြန်မာအမျိုးသမီးတွေဟာ ဒေါ်စုနဲ့တွေ့ဆုံတဲ့အခါ အများအားဖြင့် မြန်မာဝတ်စုံကိုဝတ်လာကြတယ် ။ ကျမဆိုလည်း ဒေါ်စုပုံတွေကြည့်တိုင်း သူဝတ်ထားတဲ့ မြန်မာဝတ်စုံတွေကြည့်ပြီး သူ့လို သေသေသပ်သပ်ဝတ်တတ်အောင် ကြိုးစားချင်လာတယ် ။ ဒါဟာ ကျမတို့အပေါ်မှာ (သေးဖွဲတယ်လို့ပြောလို့ရပေမယ့် အရေးပါတဲ့) ဒေါ်စုရဲ့သက်ရောက်မှုပဲ ။
ဒီနေ့မှာကျမတို့နိုင်ငံသားတွေ တက်ကြွတဲ့စိတ်တွေနဲ့ အနာဂတ်အတွက် အများကြီးမျှော်လင့်မိကြတယ် ။ မျှော်လင့်တာတွေ ဖြစ်လာပါစေလို့ ဆုတောင်းမိတယ် ။ ချက်ချင်းလက်ငင်းကြီးတော့ ဖြစ်မှာမဟုတ်တာ သေချာတယ် ။ တိုးတက်အောင်မြင်နေတဲ့ တခြားနိုင်ငံတွေဟာ နေ့ချင်းညချင်း နတ်ရေကန်ထဲခုန်ချသလို ပြီးပြည့်စုံခဲ့ကြတာ မဟုတ်ဘူး ။ ကျမတို့နိုင်ငံလည်း အချိန်တော့ယူရမယ် ။ ဒါပေမယ့် သိပ်ကြာတဲ့အချိန်မျိုးတော့ မဖြစ်ချင်ဖူး ။
တနှစ်ပြီး တနှစ် တဖြည်းဖြည်းချင်း သိသာတဲ့ပြောင်းလဲမှုတွေကို မြင်ရဖို့ မျှော်လင့်နေမိတယ် ။ တချိန်တည်းမှာ အပေးအယူဆိုတာမျိုးဖြစ်ခဲ့ရင် ဘယ်လောက်အထိ သွားမလဲဆိုတဲ့ အတွေးနဲ့ ဒေါ်စုပြောခဲ့သလို cautiously optimistic (သတိရှိစွာ အကောင်းမြင်သော) ဖြစ်မိတယ် ။
Friday, January 13, 2012
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment